Myanmar Forest Association(MFA) နှင့် East and South East Asia Community Conservation Networks (EASACCN)

မိမိတို့ မြန်မာနိုင်ငံသစ်တောအသင်းသည် အထက်ဖော်ပြပါ အဖွဲ့ အစည်း Networks တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း ခံရပြီးဖြစ်၍ ၂၀၂၂ ခုနှစ်တွင် ဧရိယာ နှစ်ခုတွင် စီမံကိန်းဆောင်ရွက်ခွင့် ရမည်ဖြစ်ပါသည်။

(၁) တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပြင်ဘုကြီးဒေသ

(၂) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နှင့်ရေစကြိုမြို့နယ်ရှိ ရှင်မတောင်ဒေသ

မကွေးတိုင်း ရှင်မတောင်ဒေသမှာ စီမံကိန်းဧရိယာအနေဖြင့် ဧကပေါင်း (၁၇၂,၆၂၉ ) ကျယ်ဝန်းပြီး ကျေးရွာအုပ်စုပေါင်း (၃၇)အုပ်စု၊ ကျေးရွာပေါင်း (၁၁၇)ရွာနှင့် အိမ်ထောင်စုပေါင်းမှာလည်း အရေအတွက်အားဖြင့် (၂၁၇၄၉ ) ပါဝင်ပါသည်။ လူဦးရေအားဖြင့်လည်း (၁၀၃,၀၈၃ ) နှင့်သက်ဆိုင် နေပါသည်။ ရှင်မတောင်ကြိုးဝိုင်း၊ ကျောက်ထပ်တောင်ကြိုးဝိုင်း၊ ဆင်ချောင်းတမံ ကြိုးဝိုင်းဟူ၍ ကြိုးဝိုင်း ၃ ခုကို Core Zone အနေဖြင့်လည်းကောင်း၊ Core Zone နှင့်အနီး ဆုံး ကျေးရွာများပါဝင်သည့် ဧရိယာကို Buffer Zone (ကြားခံဧရိယာ) အဖြစ်လည်းကောင်း၊ ရှင်မတောင် တောင်မကြီး၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် ၁၀ မိုင်အကွာတွင်ရှိသော ကျေးရွာများကို Multiple Use Zone/ Surrounding Zone အဖြစ်လည်းကောင်း ဖွဲ့စည်းပြီး နှစ်ရှည်စီမံကိန်းတစ်ခုကို ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

အဓိကအားဖြင့် ကမ္ဘာ့အဆင့် မျိုးသုန်းပျောက်ကွယ်လုဖြစ်နေသည့် ရွှေသမင် Shwe Thamin , Eld’s deer (Rucervus eldi thamin)၊ တမလန်း Tamalan, Burmese rosewood (Dalbergia oliveri)နှင့် လိပ်ခေါင်းဝါ Yellow headed tortoises (Indotestudo elongata) တို့အား Community Based Conservation လုပ်ဆောင်ရန် ဖြစ်ပါသည်။

တစ်ပါတည်းမှာပင် Local Community တနည်းအားဖြင့် Local People များ၏ လူမှုဘဝ အဆင့်မြှင့်တင်ခြင်းကိုပါ ပူးတွဲလုပ်ဆောင်သွားရန် ရည်ရွယ်ပါသည်။ ဒေသခံများ ဝင်ငွေတိုးတက် ရရှိစေရန်အတွက် လက်ရှိအခြေအနေထက် စိုက်ပျိုးရေပိုမိုရရှိရန် ချင်းတွင်းမြစ်မှ မြစ်ရေတင် စီမံကိန်းကဲ့သို့သော ရေရရှိရေးအခွင့်အလမ်းဖော်ဆောင်ပေးခြင်း၊ ကျေးရွာချင်းဆက် လမ်းများကို အဆင့်မြှင့်တင်ပေးခြင်း ပြုပြင်ပေးခြင်းဖြင့် ဒေသခံများကို အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ဆိတ်နှင့် နွားမွေးမြူခြင်း လုပ်ငန်းများအတွက် အရင်းအနှီးများ စိုက်ထုတ်ပံ့ပိုးခြင်း၊ Cottage Industry ခေါ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဖြစ်သော အမွေးတိုင်လုပ်ငန်း၊ ယက်ကန်း လုပ်ငန်း၊ ကျောက်ပန်းပု လုပ်ငန်း၊ ပန်းဘဲလုပ်ငန်း၊ မြေထည်လုပ်ငန်း၊ ထန်းလျက်လုပ်ငန်း စသည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်ရန် ပံ့ပိုးမှုပေးခြင်း အပါအဝင် ထိုလုပ်ငန်းများကို အကြောင်းပြု၍ ဒေသသို့ ဝင်ရောက်လာမည့် ပြည်ပနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများကို အဆင့်မြှင့်တင်ပေးခြင်း စသည်တို့ကိုလည်း လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။

အထူးသဖြင့် ဆင်ချောင်းနှင့် တောင်ကြားဆည်ကဲ့သို့ တည်ဆောက်ပြီးဆည်များ၏ လိုအပ်သော ဆည်ရေ ဝင်ရောက်နိုင်ရန် ၎င်းဆည်များနှင့်ဆက်စပ်နေသည့် ရေဝေရေလဲဒေသရှိ သစ်ပင် သစ်တောများကို ထိန်းသိမ်းကာကွယ်ပေးခြင်းနှင့် လိုအပ်သောနေရာများ ကွက်လပ်များတွင် ရေဝေရေလဲစိုက်ခင်းများ တည်ထောင်ပေးနိုင်ရန် လုပ်ငန်းများလည်း ပါဝင်မည်ဖြစ်ပါသည်။ ကျေးရွာများတွင် အိမ်ထောင်စုတစ်ခုချင်းအလိုက် မိမိတို့ အိမ်ခြံမြေကွက်အတွင်း ရနိုင်သလောက် အရိပ်ရနှင့်အသီးစား အပင်များစိုက်ပျိုးခြင်းကို မိမိတို့အိမ်သားများ နေ့စဥ်အသုံးပြုနေသည့်ရေများဖြင့် ရှင်သန်အောင်စိုက်ပျိုးခြင်းနှင့် စာသင်ကျောင်း ဘုန်းကြီးကျောင်းဝင်း ရွာခြံစည်းရိုးများ တစ်လျှောက်ကို ပါ စိမ်းလန်းစိုပြေအောင် ဖန်တီးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရှင်မတောင်ဒေသ၏ ထူးခြားချက်တစ်ခုမှာ အညာဒေသနေ ဒေသခံများ၏ ရိုးရာဓလေ့ ကိုးကွယ် မှုများဖြစ်သော ကိုကြီးကျော်ကဲ့သို့ နတ်ကိုအကြောင်းပြု၍ တပေါင်းလ အချိန်ကာလတွင် ပခန်းကြီး၊ ပခန်းငယ်ကျေးရွာများ၌ နတ်ပွဲများ စည်ကားစွာ ကျင်းပပြုလုပ်ခြင်း၊တောင်ပြုံးနတ်ပွဲကဲ့သို့ မြန်မာနိုင်ငံအရပ်ရပ်မှ နတ်ကိုးကွယ် သူများ အမြောက်အများ လာရောက်သည့် နေရာဖြစ်ခြင်း၊ ရှေးဟောင်းပုဂံခောတ်တွင် နယ်စား၊ပယ်စား များအဖြစ် အုပ်ချုပ်စဉ်က ကျန်ရှိနေသေးသည့် မြို့ရိုးဟောင်းများ၊ စေတီပုထိုးများ၊ ကျွန်းဖြင့်ဆောက်လုပ်ထားသည့် ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းများ၊ သရက်ခံအစစ်လက်လေးသစ်ဟု တင်စားထားရှိသည့် သေးငယ်သည့် ရုပ်ပွားတော်များ တည်ထားထိန်းသိမ်းကိုးကွယ်ရာ ပခန်းကြီးဒေသနှင့်လွန်စွာ နီးကပ်စွာ ဆက်စပ်လျက်ရှိပါသည်။

ထို့ပြင် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း မန္တလေးတိုင်း၊ ပုဂံ၊ ညောင်ဦးမြို့နယ်တွင် ယူနက်စကိုအဖွဲ့မှ ထိန်းသိမ်းကာကွယ်ထားသည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့်လည်း ပခုက္ကူ – ဧရာဝတီမြစ်ကူး တံတားကို အသုံးပြု၍ အချိန်တိုအတွင်းအလွယ်တကူ လာရောက်လေ့လာနိုင်သည့် ဧရိယာ ဖြစ်ခြင်းတို့ကြောင့် နိုင်ငံငြိမ်းချမ်းသာယာသည့်အခါ မလွဲမသွေ Tourist Attraction Area တစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းနိုင်သည့် အခွင့်အရေးများ များစွာပိုင်ဆိုင်ထားပါသည်။

မိမိတို့ မြန်မာနိုင်ငံသစ်တောအသင်းမှ ရှင်မတောင်ဒေသ စိမ်းလန်းစိုပြေရေး၊ ရှားပါး တိရိစ္ဆာန်များ၏ လုံခြုံစိတ်ချရသည့် Habitat Area တစ်ခုဖြစ်စေရေး၊ EASACCN အဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်သွား ရန် ကြိုးပမ်းစီစဉ်လျက်ရှိကြောင်းကို သိရှိနိုင်ရန် တင်ပြလိုက်ပါသည်။

 

 

Shinmataung-MFA-Myanmar-Video-Sep-20212