မြန်မာနိုင်ငံသစ်တောအသင်း မှ ဦးတင်အေးနှင့် ဦးမောင်မောင်တင်တို့နှစ်ဦး (၂၂.၈.၂၀၁၉ )နေ့မှ (၂၆.၈.၂၀၁၉) နေ့အထိ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် အဓိကရည်ရွယ်ချက်မှာ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျောသစ်တောကြိုးဝိုင်း အကွက်အမှတ် (၂၈) တွင်ရှိသော ဆေးကြီးတောင်ကို ထိန်းသိမ်းကာကွယ်သည့် ဒေသတစ်ခု (Protected Area) အဖြစ်တင်ပြနိုင်ရန် လိုအပ်သည့်အချက်အလက်များကို စူးစမ်းလေ့လာသည့်ခရီးစဉ် ဖြစ်ပါသည်။

ရောက်ရှိသည့်နေ့က မြိုင်မြို့နယ်၊အင်းယောင်းကျေးရွာအုပ်စု၊ ယင်းတိုင်းဆည် CBT (Community Based Tourism) ဆောင်ရွက်လျက်ရှိသော နေရာအားသွားရောက်၍ တာဝန်ရှိသူ ဦးဆန်းထွန်းနှင့် တွေ့ဆုံ လေ့လာခဲ့ပါသည်။ ၄င်းနောက် ရေစကြိုမြို့နယ်၊ ရှင်မတောင် ဒေသသို့ ဆက်လက်ထွက်ခွာ၍ သစ်ပင်ချစ်သူများဖိုရမ်အနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဒေသခံများ ဦးအောင်ဆန်း(ရေစကြို)၊ ဦးသန့်စင်(မြိုင်) တို့ခေါင်းဆောင်သည့်အဖွဲ့များနှင့်တွေ့ဆုံပြီး ရှင်မတောင်ဒေသ စိမ်းလန်းစိုပြေရေး ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

၂၃.၈.၁၉ ရက်နေ့တွင် ပခုက္ကူမှ ပေါက်မြို့နယ်၊ ရေပြာရွာသို့ ဆက်လက်ထွက်ခွာပြီး ရေပြာ၇ွာ ဘဝရှေ့ဆောင် စာကြည့်တိုက်တွင် ဒေသခံတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ဖွံဖြိုးရေး လုပ်ငန်းများ ဆွေးနွေးပြီး ပေါက်မြို့နယ်မှတဆင့် ကျင်းကျေးရွာတွင်ညအိပ်ရပ်နားပါသည်။

ယခုခရီးစဉ်တွင် အထူးဖော်ပြလိုသည်မှာ ကျင်းကျေးရွာသားများ၏ ပြောကြားချက်အရ ၄င်းတို့ကျေးရွာ၏ ရေရှိရေးရှိကိစ္စတွင် ကျေးရွာအနီးရှိ ပင်တောင်တိုးချဲ့( ၁) သစ်တောကြိုးဝိုင်းအတွင်းရှိ ရေထွက်ကို အဓိက အားပြုနေရသည့်အတွက် ၄င်းသစ်တောကြိုးဝိုင်း၏ ထာဝစဉ်တည်တံ့စေရေးမှာ ကျင်းကျေးရွာအတွက် အသက်တမျှအရေးကြီးကြောင်း ကျင်းကျေးရွာဒေသခံ ပြည်သူများက ၄င်းသစ်တောကြိုးဝိုင်းအား ရေရှည်တည်တံ့စေရန် တရားဝင် ထိန်းသိမ်းခွင့်ရလိုကြောင်း သိရှိခဲ့ရပါသည်။

ယခုခရီးစဉ်မှ ရရှိသည့်သစ်တောထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် အချက်တစ်ခုမှာ သစ်တောများ အနီးရှိ ကျေးရွာများက သစ်တောများ၏တန်ဖိုးကို ပိုမိုသိရှိနားလည်လာကြပြီး မိမိတို့ ကျေးရွာများအနီးရှိ သစ်တောများကို ပိုင်ပိုင်နိုင်နိုင်တရားဝင်ထိန်းသိမ်းခွင့် ခွင့်ပြုချက်ရရှိပါက သဘာဝတောများ ထိန်းသိမ်းခြင်းလုပ်ငန်းကို ဒေသခံပြည်သူများမှ ထိရောက်စွာစီမံဆောင်ရွက်နိုင်ကြောင်း တွေ့ရှိခဲ့ရပါသည်။