အင်းလေးကန်၏ landscapeမှာ ပတ်ပတ်လည်တောင်တန်းကြီးများ ဝန်းရံထားပြီး အဓိက ချောင်းကြီး ၄ ချောင်းရှိပါသည်။ ၎င်းတို့မှာ
(က) နန့်လတ်ချောင်း
(ခ) နယ်ခြားချောင်း
(ဂ) ကလောချောင်း
(ဃ) ဘီလူးချောင်း တို့ဖြစ်ကြပါသည်။
အင်းလေးကန်ရင်ဆိုင်နေရသည့် အဓိကပြဿနာမှာ အင်းလေးကန်၏ ရေပြင်ဧရိယာ တဖြည်းဖြည်း ပိုမိုကျဉ်းမြောင်းလာခြင်း၊ နုန်းပို့ချမှုများ ပိုမိုများပြားလာခြင်း၊ အင်းလေးကန် ပတ်ဝန်းကျင် ရှိတောင်ကုန်းများပေါ်တွင် သစ်တောသစ်ပင်များကိုခုတ်လှဲ၍ စိုက်ပျိုးမြေများ တိုးချဲ့လာခြင်း၊ အထက်မှာ ဖော်ပြခဲ့သည့် ချောင်းကြီးလေးချောင်းမှ စီးဆင်းလာသည့် ရေများကို အင်းလေးကန်ထဲသို့ မရောက်ရှိခင် လမ်းခုလတ်နေရာအသီးသီး၌ နည်းလမ်းပေါင်းစုံဖြင့်ရေကို အသုံးချမှု နှစ်စဉ်တိုးပွားနေခြင်း၊ ဥပမာ- စိုက် ပျိုးရေးအတွက် ရေတင်လုပ်ငန်းများ လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ချောင်းပိတ်၊ မြောင်းပိတ်လုပ် ငန်းများ၊ ငါးမွေးမြူရေးလုပ်ငန်းများ စသည်တို့ကြောင့် ဆုံးရှုံးရသည့် ရေပမာဏများစွာဖြစ်ပေါ်နေခြင်း၊ အင်းလေးရေပြင်တွင် Hotel လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောက်လုပ်နေကြခြင်း စသည်တို့ဖြစ်ပါ သည်။ အလားတူ အင်းလေးဒေသခံများ၏ အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်သော ကျွန်းမျော များပေါ်တွင် ဆောင်ရွက်နေသည့် ခရမ်းချဉ်သီးစိုက်ခင်းကဲ့သို့ နှစ်စဉ်တိုးချဲ့ဆောင်ရွက်နေသော လုပ်ငန်းများ ပါဝင်သည့်အပြင် အသုံးချပြီးကျွန်းမျောဟောင်းများကို အင်းလေးကန်ရေပြင်ဧရိယာမှ အပြည့်အဝ ဖယ်ရှားနိုင်မှုမရှိခြင်း တို့ဖြစ်ကြပါသည်။ အထက်ဖော်ပြပါအကြောင်းများကြောင့် အင်းလေး ကန် ရေပြင်ညစ်ညမ်းမှုမှာ စိုးရိမ်ရသည့်အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း စာတမ်းရှင်များမှ တင်ပြ ထားသည်ကို တွေ့ရှိရပါသည်။
အင်းလေးကန်အတွင်း အနည်ကျမှုအား တိုင်းတာခဲ့သည့် မှတ်တမ်းများအရ မိုးရာသီတွင် နန့်လတ်ချောင်းမှ ၇၅၇၂.၁၃ g/sec နယ်ခြားချောင်းမှ ၉၈၂.၁၄ g/sec ကလောချောင်းမှ ၄၈၇၉.၈၆ g/sec ဘီလူးချောင်းမှ ၆၅၆၂.၀၇ g/sec ဖြစ်ကြောင်းနှင့်တစ်နှစ်လျှင် ထိုချောင်းကြီး ၄ ချောင်းမှ အနည်ပို့ချမှု ပမာဏမှာ ၃၁၅၀၈၈.၁၁ မက်ထရစ်တန်ချိန် သို့မဟုတ် ကုဗပေ တစ်ဆယ်သန်းခန့်ရှိသဖြင့် နောင်နှစ် ပေါင်း ၅၀၀ ခန့်ကြာလျှင် အင်းလေးကန်ကြီး တိမ်ကောပျောက်ကွယ်သွားနိုင်ကြောင်း ဆွေးနွေးတင်ပြတာ ကိုလည်း မှတ်သားခဲ့ရပါသည်။အင်းလေးကန်၏ ရေပြင်အနေအထားမှာ ၁၉၃၈ ခုနှစ်က တိုင်းတာခဲ့သည့် မှတ်တမ်းအရ ၁၀၄ စတုရန်းမိုင် ရှိခဲ့ပြီး ယခုအခါ ၄၄.၉ စတုရန်းမိုင်သာ ရှိပါတော့သည်။
အင်းလေးကန်၏ သမိုင်းကြောင်းနှင့်ပတ်သက်၍လည်း အင်းလေးကန်သည် ဝမ်ပုံရွာ၊ နန့်ပန်ရွာ၊ နောင်တောရွာနှင့် ဟဲယားရွာမှ အစရှိသည့် ရွာ ၄ ရွာမှ စတင်ခဲ့ကြောင်း၊ ထိုအချိန်က အင်းရေပြင်သည် အိမ်ခြေလည်းကျဲ ရွာလည်းနည်းခဲ့ကြောင်း၊ ရေခြံများလည်း မပေါ်ခဲ့သေးကြောင်း၊ ပတ်ဝန်းကျင်တောင် ကုန်းများပေါ်တွင်လည်း သစ်ပင်သစ်တောများထူထပ်၍ ရေစီးရေလာလည်းကောင်းခဲ့ကြောင်း တင်ပြ ဆွေးနွေးမှုကိုလည်း သတိထားခဲ့မိပါသည်။ ပညာရေးကဏ္ဍအနေဖြင့်လည်း အခြေခံပညာထက်၊လယ်၊မူ ကျောင်းပေါင်း ၁,၀၀၀ကျော်ရှိပြီး ကျောင်းသူကျောင်းသား ၄၀၀,၀၀၀ ခန့် ပညာသင်ကြားနေကြောင်း ထိုကျောင်းသား၊ကျောင်းသူများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သဘာဝဘေးအန္တရာယ်လျော့ချရေး ဆိုင်ရာ အသိပညာစစ်ဆေးတွေ့ရှိချက်များကိုလည်း အလုပ်ရုံဆွေးနွေးပွဲမှ မှတ်သားနိုင်ခဲ့ပါသည်။
မိမိတင်ပြခဲ့သည့် စာတမ်းတွင်လည်း အဓိကချောင်းကြီး ၄ ချောင်းမှ အင်းလေးကန်အတွင်း နုန်းများပို့ချမှုအခြေအနေနှင့်ပတ်သက်၍ ဂျပန်ပညာရှင်တစ်ယောက်၏ လေ့လာထားသည့်ကိန်းဂဏန်း အ ရ ရေဝေရေလဲတစ်ခုချင်းအလိုက် ဝင်ရောက်လာသည့်အနည်ပို့ချမှုသည် တစ်နှစ်အတွင်း ၆၂% မှာ Delta Store အဖြစ်လည်းကောင်း၊ ၂၀% သည် Marsh အဖြစ်လည်းကောင်း၊ ၁၂% သည် River Mouth တွင်လည်းကောင်း ၁% သည် အင်းလေးကန်အလယ်တွင်လည်းကောင်း၊ ၅%သည် Outflow အဖြစ် လည်းကောင်းပို့ချကြောင်း တင်ပြခဲ့ပါသည်။
နိဂုံးချုပ်အားဖြင့် အင်းလေးကန်ဝန်းကျင်ရေရှည်တည်တံ့ရေးအလုပ်ရုံဆွေးနွေးပွဲမှတ်တမ်းကို လေ့လာဖတ်ရှုနိုင်ခြင်းဖြင့် ပိုမိုပြည့်စုံသည့် သတင်းအချက်အလက်များကို ရနိုင်ပါကြောင်း တင်ပြအပ်ပါ သည်။
