ခုနှစ်သက္ကရာဇ် ဆိုတာထက် စတုတ္ထနှစ်လို့ ပြောတာက ပိုပြီးအဆင်ပြေမယ် ထင်ပါတယ် ။ သစ်တော တက္ကသိုလ် ကျောင်းသားဘဝမှာ စတုတ္ထနှစ် ရောက်ပြီဆိုရင်တော့ ကျောင်းသားကြီးအဆင့် ဖြစ်သွားပြီပေါ့ ။ ကျောင်းသားကြီးအဆင့် ဖြစ်သွားတဲ့အခါမှာ ကိုယ့် Major ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပြီလို့ လည်းပြောလို့ရပါတယ်။ အခြားဘာသာရပ်တွေမှာဆိုရင်တော့ Final Year ဖြစ်ပြီပေါ့။ ကျွန်တော်တို့က (၆) နှစ်တက်ရမှာလေ။ နောက်ဆုံးနှစ်ကျောင်းသားတွေကို နုတ်ဆက်ဖို့ သစ်တောကို စပြီး တက်ရောက်ခွင့်ရခဲ့တဲ့ အသစ် (မောင်သစ်လွင်) Fresher တွေကို ကြိုဆိုဖို့အတွက် မိမိတို့ အတန်းကြီးတွေက ကမကထ လုပ်ပေးရတဲ့သဘော ရှိပါတယ်။ အခြားအတန်းများကလည်း ပူးပေါင်းကူညီ ကြပါတယ်။
လိုအပ်လာတဲ့ ရန်ပုံငွေကို လူငယ်ပီပီ အလွယ်ဆုံးစဉ်းစားမိတာကတော့ သစ်တောတက္ကသိုလ်နဲ့ ဆိုင်တဲ့ Postcard ထုတ်ပြီး ရောင်းချမယ် ။ Postcard ထုတ်မယ်ဆိုရင် Postcard မှာ ဆောင်ပုဒ်တစ်ခု ရေးကြဖို့ ဆွေးနွေးကြတဲ့အခါ “ရတနာသစ်တော ပြည့်သွေးကြော” ဆိုတဲ့ ဆောင်ပုဒ်ကို အများသဘောတူလို့ ရွေးဖြစ်ခဲ့ပါတယ်။ ယခုလို စာစောင်ထုတ်ဝေဖို့ စာမူတွေစုစည်းကြတဲ့အခါမှာ ကိုသီရိတင်က ကိုတင်အေးရေ ခင်ဗျားရေးခဲ့တဲ့ ဆောင်ပုဒ်လေး ခေါင်းစဉ်တပ်ပြီး ရေးကြည့်ပါဆိုလို့ ရေးဖြစ်သွားပါတယ်။
ရန်ပုံငွေရှာတဲ့ ကိစ္စပြီးတဲ့အခါ မောင်သစ်လွင် ကြိုဆိုပွဲလား နောက်ဆုံးနှစ်ကျောင်းသားကြီးများ ကိုနှုတ်ဆက်တဲ့ပွဲလား မသေချာဘူး။ ပွဲတစ်ပွဲကိုတော့ RC ခန်းမကြီးထဲမှာ လုပ်ခဲ့ရတာကိုတော့ ကောင်းကောင်း ကြီး မှတ်မိနေပါသေးတယ်။ အခမ်းအနားတစ်ခု ကျင်းပဖို့အတွက် ဖျော်ဖြေရေးကိစ္စက အဓိကပါ။ အဲဒီအချိန်တုန်း က စန္ဒရားကိစ္စကအစ ကိုယ်တိုင်ကိုယ်ကျ အိမ်တိုင်ရာရောက်သွားပြီး ငှားရပါတယ်။ စန္ဒရားတီးဖို့အတွက်ကတော့ စန္ဒရား ကိုတင်ဝင်းလှိုင်နဲ့ ချိတ်ဆက်မိပြီး အဆိုတော်ကတော့ ကိုတင်လှိုင်ပါ။ သူ့ရဲ့အောင်မြင်ကျော်ကြားလာ တော့မယ့် တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ယောကျ်ားမှာလည်း အသည်းနဲ့ပါ” သီချင်းက မိမိတို့ဖျော်ဖြေရေး လုပ်မယ့်ညမှာ စတင်အသံလွှင့်မှာဖြစ်တဲ့အတွက် သူ့ကို ရေဒီယိုတစ်လုံးနဲ့ နေရာတစ်နေရာ သီးသန့်စီစဉ်ပြီး စောင့်နားထောင်စေခဲ့ပါတယ်။ အဲဒါတွေပြီးမှ သူ့ရဲ့သီဆိုဖျော်ဖြေမှုကို စတင်ခဲ့ရပါတယ်။ ကျွန်တော်တို့ စတုတ္ထနှစ်ကျောင်းသား ကိုမောင်ဇော်ရဲ့ မြန်မာ့စောင်းနဲ့ ဖျော်ဖြေမှုကလည်း ထူးထူးခြားခြားပါပဲ။ အခမ်း အနားမှုးကတော့ စီးပွားရေးတက္ကသိုလ်က ကျောင်းသူတစ်ဦး လာကူညီပါတယ်။ အမည်ကို မမှတ်မိတော့ပေမယ့် ဝေါမြို့ကဖြစ်တယ်ဆိုတာကိုတော့ အမှတ်တရ ရှိနေပါသေးတယ်။ အဲဒီပွဲမှာ အတူပူးပေါင်းလုပ်ဆောင်တဲ့ အထဲက နောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့ ကိုသူဝင်းနဲ့ အဲဒီကထဲက ခင်မင်ရင်းနှီး သွားလိုက်တာ ယနေ့အထိ ပါပဲ။
တက္ကသိုလ်မှာ အနုပညာနဲ့ ပက်သက်လို့ အထက်ကပြောခဲ့သလို အတွေ့အကြုံအဆက်အသွယ် တွေကနေပြီးတော့ စန္ဒရားတင်ဝင်းလှိုင်၊ စန္ဒရားချစ်ဆွေတို့နဲ့ပါ ရင်းနှီးခင်မင်ခွင့်ရရှိခဲ့တဲ့အတွက် ပခုက္ကူဦးစီး အရာရှိဘဝမှာ စန္ဒရားချစ်ဆွေကို ဖိတ်ကြားပြီး သင်္ကြန်ပွဲတစ်ပွဲ ကျင်းပနိုင်သည်အထိပါပဲ။
ပခုက္ကူနဲ့ပက်သက်ရင် ကိုးခရိုင်စိမ်းလမ်းစိုပြည်ရေးစီမံကိန်း တာဝန်တွေနဲ့ ကြုံခဲ့ရတာကလည်း အမှတ်တရပါပဲ။ တက္ကသိုလ်မှာ ဆရာဦးစောဟန်ရဲ့ သစ်တောပြုစုစိုက်ပျိုးရေး(Silviculture) ဘာသာရပ် ဆရာဦးစိုးကြည်ရဲ့ သစ်တောစီမံအုပ်ချုပ်ခြင်း(Forest Management) ဘာသာရပ်တွေက စီမံကိန်းလုပ်ငန်း တွေအတွက် အကောင်အထည်ဖော်တဲ့နေရာမှာ များစွာလမ်းညွှန်မှုနဲ့ရပြီး အထောက်အကူလည်း ဖြစ်စေ ခဲ့ပါတယ်။ အဓိကနေရာတစ်ခုဖြစ်တဲ့ ရှင်မတောင်ဒေသကို စိမ်းလန်းစိုပြည်အောင်အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ စီမံကိန်းတစ်ခု လုပ်တော့မယ်ဆိုရင် အစကောင်းဖို့လိုတယ်။ အဟန့်ရှိဖို့လိုတယ်။ မှန်ကန်တဲ့ စီမံချက်ရေးဆွဲတတ်ဖို့လိုတယ်ဆိုတာ လက်တွေ့သိရှိခဲ့ရပါတယ်။ တပ်မ(၁၁) ၊ တပ်မမှူးနဲ့ ဗျူဟာမှူးတွေ အပါအဝင် လက်အောက်ခံတပ်ရင်းများက အရာရှိစစ်သည်တွေ ရှင်မတောင်ဒေသကို စီမံကိန်းအစမှာ မကြာခဏ ရောက်ရှိကြတဲ့အတွက် စီမံကိန်းဟာ အစကောင်းတယ်။ အဟန့်ရှိတယ်လို့ ပြောနိုင်ပါတယ်။ စီမံကိန်းအောင်မြင်မှု ရှိတယ် မရှိဘူးဆိုတာကတော့ ယနေ့အချိန်ထိ အပူပိုင်းဒေသမှာ နွေရာသီဖြစ်သည့်တိုင် စိမ်းစိုနေတဲ့ ရှင်မတောင်ကြီးကို တွေ့မြင်ရ ခြင်းက သက်သေပါပဲ။
“ရတနာသစ်တော ပြည့်သွေးကြော” လို့တင်စားလောက်အောင် တန်ဖိုးရှိတဲ့ အဓိပ္ပာယ်ဆောင်တဲ့ မိမိတို့ နိုင်ငံရဲ့ သစ်တောများဟာ နိုင်ငံခြားဝင်ငွေရှာပေးနိုင်တဲ့ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်နဲ့ တမလန်းတွေ ပေါက်ရောက်နေမှ တန်ဖိုးရှိတာ မဟုတ်ပါ။ ရေနဲ့ မြေဆီလွှာထိန်းသိမ်းဖို့ ဟိုးအဝေးရေဝေရေလဲဒေသက သစ်တောတွေကလည်းတန်ဖိုးရှိတာပါပဲ။ အဲဒီတော့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြဖို့ လိုအပ်သလို၊ အညာဒေသမြန်မာပြည်အလယ်ပိုင်းရှိ မိုးခေါင်ရေရှားခြောက်သွေ့ဒေသမှာ ပေါက်နေကြတဲ့ ရှား၊ တမာ၊ ထနောင်း၊ သပွတ်ကြီး၊ မန်ကျည်း၊ သန်း၊ ဒဟက်၊ တို့လို သစ်ပင်သစ်တောများကလည်း ဒေသအတွက် အဖိုးမဖြတ်နိုင်တဲ့နိုင်ငံရဲ့ ရတနာတစ်မျိုးပါပဲ။ ဓနိ ၊လမု၊ လမဲ့၊ လဘ၊ ကနစို၊ မြိုင်ကြီး စတဲ့ အပင်တွေပေါက်နေတဲ့ ကမ်းရိုးတန်းဒီရေတောတွေကရော တန်ဖိုးရှိတာကြတာပဲမဟုတ်လား။ ရတနာနဲ့တူတဲ့ သစ်တောတွေကို ထာဝစဉ်တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြဖို့ကတော့ အမိရန်ကုန်တက္ကသိုလ် သစ်တောပညာဌာနက မွေးထုတ်လိုက်တဲ့ တို့အားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူထားကြပြီးသားပါ။ တို့တစ်တွေက သစ်တောပညာသင်ခဲ့မိတော့ ဒီနေ့ထိ သစ်တောသမားတွေပါပဲ။ ဒါကြောင့်လည်း “Once a forester always a forester” လို့ပြောကြတာမဟုတ်လား။
“သစ်တောပညာရှင်ပင် ဖြစ်လင့်ကစား မြန်မာ့သစ်တောအတွင်းသစ်တောလုပ်ငန်းများ လုပ်ဖူးမှ မြန်မာ့ သစ်တောနှင့်ပက်သက်၍ အတွေ့အကြုံရှိသူမှသာ မြန်မာသစ်တောသမား (MyanmarForester)” ဟု ခေါ်ဆိုနိုင်ကြောင်း အကိုကြီးဦးရဲမြင့်ရဲ့ လမ်းညွှန်ဆုံးမဩဝါဒ စကားလေးနဲ့ပဲဒီဆောင်းပါးကို အဆုံးသတ် လိုက်ပါရစေ။
ကိုဒေါင်း(သစ်တော)