ကမ္ဘာမြေချစ်သူ သစ်တောပညာရှင်ဦးအုန်း
————-
သစ်တောပညာရှင် ဦးအုန်းလို့ဆိုလိုက်ရင် မြန်မာပြည်က သဘာ၀ပတ်ဝန်းကျင်နှင့် သက်ဆိုင်သော သူများ၊ အဖွဲ့အစည်းများ၊ သတင်းသမားများအပါအဝင် ပြည်သူအများစုက သိပြီးဖြစ်ပါလိမ့်မယ်။ သစ်တော ပညာရှင် ဦးအုန်းလို စိတ်ဓာတ်မျိုးဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် စေတနာထားသော၊ လိုအပ်ရင် လိုအပ်သလို သတ္တိရှိရှိ ဝေဖန်ပြောဆိုရဲသော ပညာရှင်မျိုးဟာ မြန်မာပြည်မှာ အင်မတန်ရှားပါးလွန်းပါတယ်။
ဦးအုန်းကို စစ်ကိုင်းမြို့ မန်ကျဉ်းဇင်တင်းတိတ်ရွာမှာ (၁၉၂၇ ခု၊ ဩဂုတ်လ ၇ ရက်) ၁၂၈၉-ခု၊ ဝါခေါင် လဆန်း ၁၀ ရက် ဖခင် လယ်ရှင်၊ မြေရှင် ရွာသူကြီး ဦးဘသော်နှင့် မိခင် ဒေါ်နှင်းရီတို့က မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်မှာ မောင်အုန်းသီး ဖြစ်ပါတယ်။ မိဘများဟာ လယ်ဧက ၅၀၀ ပိုင်ဆိုင်သူများ ဖြစ်ပါတယ်။ ကျောင်းနေ တဲ့အခါ အတန်းထဲမှာ ပထမ၊ ဒုတိယ အမြဲရခဲ့ပါတယ်။ အင်္ဂလိပ်စာ မတတ်သေးတဲ့အတွက် လေးတန်းမှာ သုံးနှစ် နေခဲ့ပါတယ်(စာကြေအောင်လို့)။ ရွာသူကြီးဖြစ်တဲ့ ဖခင်က ဂျပန် ပါးရိုက်မခံရလေအောင် သူ့ သား မောင်အုန်းကို ဂျပန်စာ သင်စေခဲ့တယ်။ မောင်အုန်းက ဦးစိန်ဘွား(ဖဆပလ သံအမတ်) ဦးဆောင်သော လူငယ်အသင်းသို့ ဝင်ရောက်ခဲ့ပါတယ်။ ဇီးချောင်း- ညောင်ကုန်း တစ်ဝိုက်မှာ တိုက်ပွဲများဖြစ်နေစဉ် ဗမာ့ တပ်မတော် ( BIA) တပ်သို့ မောင်အုန်းက အရေးကြီးသော သတင်းများ ပေးနိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဂျပန်ကင်ပေတိုင်က မောင်အုန်းအား သတင်းပေးအဖြစ် သံသယရှိသွားပြီး အူးရူးရှီးဟာရာ စိုးကျော်က သတ်မည်လုပ်ရာ မောင်အုန်းတစ်ယောက် ဂျပန်စကားဖြင့် နားလည်အောင် ရှင်းပြနိုင်သဖြင့် ဂျပန် တပ်ကြပ်က လွှတ်ပေးလိုက်ပါတယ်။ စစ်ကြီးပြီးသွားသောအခါ မိဘများက အသီးအနှံများ ရောင်းချပြီး မောင်အုန်းအား ကျောင်းဆက်ထားခဲ့တယ်။ ၆ တန်း ကျောင်းသားဘဝမှာ မြန်မာနိုင်ငံကို ဂျပန်တို့ ဝင်လာသဖြင့် ၃ နှစ်ခန့် ပညာရေး လစ်ဟင်းခဲ့ရတယ်။ ၁၉၄၅ ခု၊ ဂျပန် ပြေးမှ ၇ တန်းမှ စ ကျောင်းပြန်တက်ခဲ့ရတယ်။ ၁၉၄၆ – ၄၇ ခုနှစ်မှာ ၈ တန်းရောက်တော့ ဆရာကြီး ဦးတိုးလူရဲ့ တိုက်တွန်းချက်နဲ့ အဒေါ့်ယောက်ျား (၁၀)တန်း ဆရာကြီး ဦးထွန်းခင်ထံမှာ ဂျော်ဩမေတြီ၊ ထရီဂိုနိုမယ်ထရီဘာသာရပ်များ ပြန်သင်ပြီး ၁၀ တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုရာ အောင်မြင်ခဲ့ပါတယ်။ ၁၉၄၉-ခုနှစ် အင်တာ second year (ဒုတိယနှစ်) ဖြေအပြီးမှာ ပြည်တွင်းစစ် မီးကြောင့် ဖခင် မိခင်တို့ရဲ့ စီးပွားဥစ္စာ ပျက်စီးဆုံးပါး သွားခဲ့ရပါတယ်။
ထိုအချိန်မှာ ဖခင်က သူကို ကျောင်းမထားနိုင်တော့သဖြင့် အလုပ် တခုခု ဝင်လုပ်ဖို့အတွက် မျက်ရည် စက်လက်နဲ့ တိုက်တွန်းခဲ့တယ်။ သို့သော် မန္တလေးမြို့၊ ပိုက်ကျုံးရပ်မှာ နေတဲ့ ကြီးတော် ဒေါ်မှူးက သူ့အိမ်မှာ လာနေ လာစားရန် ခွင့်ပြု၍၊ တက္ကသိုလ်ဆရာကြီး ဦးနက် အထောက်အပံ အကူအညီနဲ့ ကျောင်းဆက်တက်နိုင်ခဲ့ပါတယ်။ ကြီးတော်အိမ်တွင် အခိုင်းအစေသမျှ လုပ်ကိုင်ပေးပြီး ကျောင်းတက် ပညာသင်ကြားခဲ့ရတယ်။ တတိယနှစ် ပညာသင်ယူနေစဉ် ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့တယ်။
၁၉၅၁-ခုနှစ်မှာ ဘီအက်စ်စီဘွဲ့ ရခဲ့ပြီးနောက် စစ်ကိုင်း အမှတ်(၁) အထက်တန်းကျောင်းမှာ ၁၉၅၁- ၁၉၅၂ ခုနှစ်အထိ အထက်တန်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ တစ်နှစ်နှင့်လေးလ ကျောင်းဆရာလုပ်ပြီး ဘဝတိုးတက် ဖို့ရာ အစိုးရပညာတော်သင်လျှောက်ခဲ့တယ်။ ၁၉၅၂- ၁၉၅၆ အထိ အင်္ဂလန်နိုင်ငံ ဝေးလ် တက္ကသိုလ် (Wales University)မှာ သစ်တောပညာ ဘာသာရပ်ကို သင်ကြားခဲ့တယ်။ ၁၉၅၆-ခုနှစ်မှာ ဘီအက်စ်စီ(သစ်တော) ဂုဏ်ထူးဘွဲ့ ရရှိခဲ့ပါတယ်။ အင်္ဂလန်မှာပညာသင်ယူနေစဉ် မောင်အုန်းဟာ ကျောင်းသား ၁၇ ယောက်ထဲတွင် အာရှတိုက်သားမှာ သူတစ်ယောက်တည်းပါဝင်ခဲ့တာပါ။ Nationalist Association ဖြင့် အင်္ဂလိပ် မုန်းတီး ကြောင်း မိန့်ခွန်းတက်ပြောသဖြင့် အင်္ဂလန်နိုင်ငံ မြန်မာသံအမတ်ကြီးက နောက်နောင် ပြောလျှင် မြန်မာပြည် ပြန်ပို့မယ်လို့ သတိပေးခြင်းခံလိုက်ရပါတယ်။ နောက် လေးနှစ်ကြာ ကြိုးစားခဲ့ပြီး ထူးချွန်စွာအောင်မြင်ပေမယ့် မြန်မာလူမျိုးဖြစ်နသဖြင့် ဒုတိယအဆင့်နဲ့သာ အောင်မြင်ခဲ့ရပါတယ်။
မောင်အုန်း မြန်မာပြည်သို့ ပြန်ရောက်သောအခါ သစ်တောဝန်ကြီးဌာနမှ အထက်ချင်းတွင်းဘက်ရှိ သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရန် ပို့လိုက်ပါတော့တယ်။ ကွန်မြူနစ်- အလံနီကြား သက်စွန့်စံဖျား ရှိလှပြီး သူပုန်တွေနဲ့ တိုက်ပွဲအကြိမ်ကြိမ် ဖြစ်ခဲ့တယ်။ စစ်တပ်နဲ့လည်း အချင်းချင်းမှားယွင်း အပစ်ခံရပါတယ်။ အသက် ဘေးမှ လက်မတင် လွတ်ခဲ့တယ်။ ၁၉၆၄ ခုနှစ် ရန်ကုန်တက္ကသိုလ် သစ်တောဌာနမှာ ဆရာအဖြစ် ပြန်လည် ခေါ်ယူခဲ့တယ်။ ယင်းဌာနမှာ ၉ နှစ်ကြာခဲ့ပါတယ်။
၁၉၈၁ ခုနှစ်မှာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နဲ့ (UNDP)မှ သစ်တောများ ပြုပြင် ထိန်းသိမ်းစေခဲ့ပါတယ်။ (NCNP) မှ အထောက်အပံ့များပေးခဲ့တယ်။ ယင်းစီမံကိန်းအတွက် အတွေ့အကြုံများသည့် သစ်တောဌာနမှ ဦးအုန်း၊ ဦးစောဟန်၊ ဦးမောင်မောင်သန်း၊ ဦးစောထွန်းနိုင်၊ ဦးအောင်သန်း၊ ဦးဦးဂါ၊ ဦးခင်မောင်စော တို့ကို တာဝန် ပေးခဲ့ပါတယ်။ ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေးအတွက် ဦးအုန်းက သူသွားမယ်လို့ တာဝန်ယူလိုက်ပါတယ်။ ပုပ္ပားသို့ရောက်လျှင် တောင်ကတုံးနီးပါး ဖြစ်ပျက်နေပုံကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်ခဲ့ရတယ်။
အဲဒီနောက်မှာ ရွာသားတွေနဲ့တွေ့ဆုံပြီး ထင်းခုတ်မှ ထမင်းစားရတဲ့ အိမ်ထောင်စုတွေကို စာရင်းကောက် ယူကာ ထင်းမခုတ်စေဘဲ သစ်တောဌာနမှာ တောခေါင်း၊ တောကြပ် လုပ်စေခဲ့တယ်။ ယူနီဖောင်းဝတ်စေတယ်။ ဆန်ပေးတယ်။ စသဖြင့် မက်လုံးတွေပေးပြီး ဒုတိယညွှန်ကြားရေးမှူး ဦးအုန်းဟာ ဝန်ထမ်း ၄၈ ယောက်ကို
၁။ တောမီးမလောင်စေရန်
၂။ ထင်းမခုတ်ရန်
၃။ တောမီးတစ်ခါလောင်ရင် ဆန် ၁၂ ပြည်ထဲက ၆ ပြည်၊ နှစ်ခါလောင်ရင် ၁၂ ပြည် ဖြတ်မည်ဖြစ်ပြီး သုံးခါလောင် ရင် အလုပ်ပြုတ်မည်ကို သဘောတူကြောင်း လက်မှတ် ထိုးစေခဲ့တယ်။ ကင်းစောင့်တွေကိုလည်း ချထားခဲ့ပါ တယ်။
ပုပ္ပားတောင်ဟာ ရေဝေရေလဲနယ်ဖြစ်တဲ့အတွက် ရေမထိန်းနိုင်သော ယူကလစ်ပင်များအား ဖယ်ရှားကာ ကုက္ကိုလ်၊ ရှား၊ ထနောင်း၊ မယ်ဇလီတို့ဖြင့် အစားထိုး စိုက်ပျိုးခဲ့ပါတယ်။ ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေးအတွက် စခန်း ၂၅ ခုထားရှိပြီး နေ့စဉ်သွားရောက်စစ်ဆေးပါတယ်။ ထို့နောက် သစ်တော ပြုန်းတီးမှု တဖြည်းဖြည်း နည်းပါးလာလျက် ဦးအုန်းရောက်ပြီး သုံးလေးနှစ်အတွင်း ပြန်လည်စိမ်းလန်းစိုပြည်လာခဲ့တယ်။ ရေခန်းသွားသော ချောင်းများ ရေပြန်လည်ထွက်လာခဲ့တယ်။ စိတ်အားထက်ထက်သန်သန် စေတနာပါပါဖြင့် လုပ်ကိုင်သဖြင့် အောင်မြင်လာခဲ့ရာ များစွာပီတိဖြစ်ရပြီး ဒီအလုပ်ကိုပဲ ဇောက်ချ လုပ်ကိုင်ခဲ့ပါတယ်။ နိုင်ငံတော်မှ ဦးအုန်းအား ၁၉၈၆ ခုနှစ်မှာ စီမံကိန်းညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့တယ်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ လုပ်သက် ပြည့်ပင်စင် ပေးခဲ့တယ်။ သို့သော် သစ်တောဌာနမှာပင် ဦးအုန်းက အကြံပေးအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့တယ်။
ဦးအုန်းဟာ သစ်တောဌာနမှာ အကြံပေးလုပ်ကိုင်နေစဉ် UNDP မှ ပြုလုပ်တဲ့ ပရောဂျက်တစ်ခုမှာ ဂျပန် လူမျိုးတစ်ယောက်နဲ့ တွဲဖက်လုပ်ကိုင်ရတယ်။ အဲဒီဂျပန်လူမျိုးက ဒီရေတော ကျွမ်းကျင်သူ ပညာရှင်ဖြစ်ပြီး သူနဲ့တွဲပြီး ဧရာ၀တီတိုင်းရှိ ဒီရေတောများ ထိန်းသိမ်းရေး လုပ်ကိုင်ပြီး လုပ်ငန်း ပိုမို ကျွမ်းကျင်လာခဲ့တယ်။ ၁၉၉၃ ခုနှစ် သစ်တောအကြံပေးမှ အနားယူပြီးနောက် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းရန် အများက တိုက်တွန်းသဖြင့် NGO အဖွဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်။ ထိုသို့ဖြင့် သစ်တောသယံဇာတ၊ ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက် ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း(FREDA) ထွက်ပေါ်လာခဲ့တယ်။
ဦးအုန်းက FREDA အသင်းမှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ဧရာ၀တီတိုင်းရှိ ပျက်စီးနေသော ဒီရေတောများ ပြန်လည်စိုက်ပျိုးရန်ကြိုးစားခဲ့ပါတယ်။ အစပိုင်းမှာ ဒီရေတော အပင်အမျိုးအစား သုံးမျိုး၊ နောက်ပိုင်း ၁၆ မျိုးစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှ ၂၀ဝ၇ ခုနှစ်အတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ (ပျဉ်ဒရယ် သစ်တောကြိုးဝိုင်း)၌ ဒီရေတောများကို ဧက ၂၅၀ဝ ပြန်လည် စိုက်ပျိုးနိုင်ခဲ့ပြီး ဂေဟစနစ်နှင့် ဇီဝမျိုးကွဲများကို မူလအတိုင်း ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ထိုလုပ်ဆောင်ချက်တွေဟာ သစ်တောပညာရှင် ဦးအုန်းရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ဘဝသက်တမ်းတလျှောက် ကျေနပ်မှုအရှိဆုံး လုပ်ဆောင် ချက်များ ဖြစ်ပါတယ်ဟု ဦးအုန်းက ပြောခဲ့ပါတယ်။
ပုပ္ပါးတောင် စိမ်းလန်းရေး တာဝန် ယူခဲ့စဉ်က အတွေ့အကြုံနဲ့ပတ်သက်တော့လည်း ကျော်ရင်မြင့်နဲ့ မေးမြန်းခန်း တစ်ခုမှာလည်း ဦးအုန်းက အခုလို ပြောခဲ့ဖူးပါတယ်။ “ပုပ္ပါးတောင်ကြီး စိမ်းလန်းစ ပြုလာတဲ့အခါ နိုင်ငံခြားကလာတဲ့ Chief Technical Advisor (NPNC က နည်းပညာ အကြံပေး ခေါင်းဆောင်) Mr.John Blower က ပုပ္ပါးတောင်မကြီးကို ပတ်ပြီး ကားလမ်းဖောက်ဖို့ အကြံပြုတယ်။ နိုင်ငံခြားသားပေးတဲ့ အကြံဆိုတော့ လက်ခံ ချင်ကြတယ်။ ကျနော်က ကျနော့် ရာထူး ဖြုတ်ချင်ဖြုတ်၊ ဒါ မလုပ်သင့် ဘူးလို့ ကန့်ကွက်တယ်။ ကျနော်တို့ ခက်ခက်ခဲခဲနဲ့ စိမ်းအောင်လုပ်ခဲ့ရတဲ့ ပုပ္ပါးတောင်ကြီးဟာ လမ်းပန်း ဆက်သွယ်ရေးကောင်းလို့ လွယ်လွယ် ထင်း တက်ခုတ်ကုန်ကြရင် သုံးလေးနှစ်အတွင်း တောင်ကတုံး ပြန်ဖြစ်သွားမှာပဲလို့ ကျနော် ရှင်းပြမှ တောင်ပတ်လမ်း စီမံကိန်း မအောင်မြင်ဘဲ ဖြစ်သွားတယ်။ ပညာရှင်တစ်ယောက် ဖြစ်ပေမယ့် ကျနော့် ရာထူးနေရာ ထိခိုက်မှာ ကြောက်ပြီး ပြောသင့်ပြောထိုက်တာကို သတ္တိရှိရှိ မပြောဘဲ နေခဲ့မယ်ဆိုရင် ပုပ္ပါးတောင်ကြီးကို ယခုလို စိမ်းစိမ်း စိုစို မြင်ရမှာ မဟုတ်တော့ပါဘူး။”
သစ်တောပညာရှင် ဦးအုန်းဟာ ၁၉၈၈- ၁၉၉၃ ခုနှစ်အထိ သစ်တော ဦးစီးဌာနမှာ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၂-ခုနှစ် ပြဋ္ဌာန်းခဲ့သော သစ်တောဥပဒေ မူကြမ်း ရေးဆွဲခြင်းနှင့် ၁၉၉၄-ခုနှစ်၊ ပြဋ္ဌာန်းခဲ့သော တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်း ရေးဥပဒေ ရေးဆွဲရာတွင် ကော်မတီ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့တယ်။ အမေရိကန်၊ ဥရောပ၊ အိန္ဒိယ၊ ဩစဩေးလျ၊ နယူးဇီလန်၊ ထိုင်း၊ စင်ကာပူနိုင်ငံများကို ၈ ကြိမ် သွားရောက်ပြီး သစ်တော သုတေသန၊ ကွန်ပျူတာ၊ သဘာဝ ထိန်သိမ်းရေးနှင့် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေး ပညာရပ်တွေကို လေ့လာ ဆည်းပူးခဲ့ပါ တယ်။
နိုင်ငံရပ်ခြားသို့ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ အတွက် အကြိမ်ကြိမ် သွားရောက်ခဲ့ပါတယ်။ International Union for Conservation Natural Recources (IUCN) ၏ အသင်းဝင်အဖြစ် ၁၉၈၆ -ခုနှစ်မှ ယနေ့တိုင် ဆောင်ရွက် နေဆဲ ဖြစ်ပါတယ်။ International Society for Mangrove Ecosystem (ISME)၏ ရာသက်ပန် အသင်းသားဖြစ်တယ်။ သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (Forest Resource Environment Development and Conservation Association, FREDA)တွင် အထွေထွေ အတွင်းရေးမှူးကနေ ဥက္ကဌ အဆင့်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
သစ်တောပညာရှင် ဦးအုန်းရဲ့ ရည်ရွယ်ချက်ကတော့ သဘာ၀တောတွေမှာ အလိုအပ်ဆုံးဖြစ်တဲ့ သစ်ပင် များ၊ ဆေးဖက်ဝင်အပင်များ၊ ရေနေသတ္တဝါများ၊ ငှက်များကို အခြေခံတည်ဆောက်ထားတဲ့ ဂေဟဗေဒစနစ် ပြန်လည်ဖန်တီးပုံဖော်ဖို့ပင် ဖြစ်ပါတယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ပဲ သစ်တောပညာရှင် ဦးအုန်းဟာ သစ်တော သစ်ပင် စိမ်းလန်းစိုပြည်ရေး သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ကိုင်ခဲ့သလို အသိပညာပေးတဲ့အနေနဲ့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ စာပေများကိုလည်း ရေးသားခဲ့ပါတယ်။ သစ်တောနဲ့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန စာစောင် ၁၅ စောင်ထက်မနည်း ပြုစုခဲ့ပြီး သစ်တောပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ် ရေးသားခဲ့ ပါတယ်။ ၁၉၉၆ ခုနှစ်မှာ သစ်တောပညာရှင် ဦးအုန်း ရေးသားပြုစုခဲ့သော – သဘာ၀သစ်တောများနှင့် ရင်ဘောင်တန်းထားသော သစ်တောစိုက်ခင်းများ- စာအုပ်ကို သုတ(သိပ္ပံ) ပထမဆု စာအုပ်အဖြစ် စာပေဗိမာန်က ချီးမြှင့်ခဲ့ပါတယ်။ သစ်တောပညာရှင် ဦးအုန်းဟာ ၁၉၈၂-ခုနှစ်မှ ၁၉၈၆-ခုနှစ် အတွင်း ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောများ စိုက်ပျိုးနိုင်ခဲ့ပြီး ပုပ္ပားတောင် တောင်ကတုံးကို သျှောင်ထုံးနိုင်ခဲ့ပါတယ်။
ထိုကဲ့သို့ သစ်တောပညာရှင် ဦးအုန်း၏ ကြိုးပမ်းမှုတွေကြောင့် ၂၀၀၅ ခုနှစ်မှာ ဂျပန်နိုင်ငံမှ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကမ္ဘာမြေကို ချစ်မြတ်နိုးသူ ၁၀၀ ရွေးချယ်ချီးမြှင့်ခဲ့တဲ့ Hunderd Earth Lover (ကမ္ဘာမြေ ချစ်သူဆု)ကို သစ်တောပညာရှင် ဦးအုန်းက လက်ခံရရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဂျပန်နိုင် မီနာမာတာ မြို့တော်ဝန်မှ ချီးမြှင့်သော သဘာ၀ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် Minamata Environmental Award ကို ရရှိခဲ့ပါတယ်။ ထို့အပြင် သစ်တောပညာရှင်ဦးအုန်းသည် International Society For Eco System (ISME) မှာလည်း ရာသက်ပန်အသင်းသားတစ်ဦး ဖြစ်ခဲ့ပါတယ်။
သစ်တောပညာရှင် ဦးအုန်းဟာ ၂၀၀၈ ခုနှစ်အတွင်း ကချင်ပြည်နယ်ရှိ ပေ ၆၈၅၀ မြင့်သော စိန်လုံးကမ္ဘာ တောင်ကို တက်ရောက်ပြီးနောက် တစ်ကိုယ်လုံးမလှုပ်နိုင်တော့တဲ့အခါမှ – ငါနားဖို့တော်ပြီဟု အသိဝင်လာ တယ်လို့ ဆိုပါတယ်။ ဦးအုန်းက- ”ကျွန်တော်တို့က ကိုယ့်တစ်သက်မှာ ဘယ်လိုရုန်းကန်ရတယ်ဆိုတာ သားသမီး တွေ သိစေချင်တယ်။ ဘယ်အရာမဆို လွယ်လွယ်ကူကူနဲ့ မရဘူး။ သဘာ၀ပတ်ဝန်းကျင်ရဲ့ အဓိပ္ပာယ်ကိုလည်း လေးလေးနက်နက်သိအောင် ကျွန်တော်မရေးခဲ့ရင် ကျွန်တော်ညံ့လို့ပဲ၊ အမွေပေးခဲ့ရမယ်။ တိုင်းပြည်အတွက် ဒါ အကောင်းဆုံးအမွေပဲ။ အခု ကျွန်တော် အသက် ၈၁ နှစ် ရှိပြီ။ ဒါ လုပ်မပြီးမချင်း ကျွန်တော် မသေဘူး ”ဟု ပြောခဲ့ပါတယ်။ ထိုစာအုပ်ကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပေမယ့် ကွယ်လွန်ချိန်အထိ ပြီးဆုံးခဲ့လား၊ မပြီးဆုံးခဲ့ ဘူးလားတော့ မသိရပါဘူး။ သက်ဆိုင်သူများ ရှာဖွေပြီး သစ်တောပညာရှင် ဦးအုန်းရဲ့ ဆန္ဒနဲ့ စေတနာကို အကောင် အထည်ဖော်ပေးသင့်တယ်လို့ ထင်ပါတယ်။
နောက်ပြီး သစ်တောပညာရှင် ကမ္ဘာမြေချစ်သူ ဦးအုန်း ပြောတာလေးကို မှတ်မိပါသေးတယ်။ သူပြော တာက –သစ်ပင်တစ်ပင်ကို ထိန်းရတာဟာ စိုက်ရတာထက် ခက်ပြီး တန်ဖိုးလည်းရှိတယ်– ဟုဆိုပါတယ်။ သစ်တောပညာရှင် ကမ္ဘာမြေချစ်သူ ဦးအုန်းဟာ ၂၀၁၈-ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့ နံနက် ၆ နာရီခန့်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ် ရှိပြီ ဖြစ်တဲ့အတွက် အသက်အရွယ်အရ ကြွေချိန်တန်လို့ ကြွေရတာလို့ ဆိုနိုင်ပါတယ်။ သို့သော် သူ့လိုစိတ်ဓာတ်မျိုးဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် စေတနာထားသော၊ လိုအပ်လျှင် သတ္တိရှိရှိ ဝေဖန်ပြောဆိုရဲသော သစ်တောပညာရှင်မျိုးသည် မြန်မာနိုင်ငံတွင် အင်မတန်ရှားပါး လွန်းလှပါတယ်။ သူ့ကို ဆုံးရှုံးလိုက်ရတာဟာ ကမ္ဘာမြေအတွက်၊ မြန်မာနိုင်ငံအတွက်၊ ပြည်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး အလွန်ဝမ်းနည်းကြေကွဲ နှမြောတသ ဖြစ်ရပါတယ်။ ဒါကြောင့် သူ့ကို ချစ်ခင်လေးစားကြတဲ့ သစ်တောနဲ့သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်မှ တပည့်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ခင်မင်ရင်းနှီးသူတွေအနေနဲ့ ဦးအုန်းကို နမူနာယူပြီး သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို စွမ်းစွမ်းတမံ လုပ်ဆောင်သင့်သလို ဦးအုန်း လုပ်ကိုင် မျိုးစေ့ချပြီး လက်ဆင့်ကမ်းအမွေပေးခဲ့တဲ့ မြန်မာနိုင်ငံမှာ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်သူများကို ပေးအပ်ခဲ့တဲ့ ကမ္ဘာမြေချစ်သူဆုကိုလည်း မပျောက်ပျက်အောင် ဆက်လက်လုပ်ဆောင့်သင်ပါတယ်။
ကမ္ဘာမြေချစ်သူဦးအုန်းရဲ့ လက်ဆင့်ကမ်းအမွေ ကမ္ဘာမြေချစ်သူဆု
———————
သစ်တောပညာရှင်ဦးအုန်းဟာ ကမ္ဘာမြေချစ်သူဆုရရှိခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်မှာ သစ်တောသစ်ပင် စိုက်ပျိုးပြီး သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ အစဉ်တစိုက် ဆောင်ရွက်နေသူများကို ဂုဏ်ပြုတဲ့ အနေနဲ့ ကမ္ဘာမြေချစ်သူဆု ချီးမြှင့်ရန် ဆန္ဒရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်မှုတွေကြောင့် ချီးမြှင့်ခံရတဲ့ ချယ်ရီ မော်တော်ကားလေးကို ရောင်းပြီး ကမ္ဘာမြေချစ်သူဆုကို ပေးအပ် ချီးမြှင့်ဖို့ စီစဉ်ခဲ့ပါတယ်။ စီစဉ်ခဲ့တဲ့အတိုင်း ၂၀၁၂ ခုနှစ် ဩဂုတ် ၇ ရက်မှာတော့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၊ သီရိခန်းမမှာ ပထမအကြိမ် ကမ္ဘာမြေချစ်သူဆုကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၃၊ ၂၀၁၄ ခုနှစ် သုံးနှစ်ဆက် တိုက် ဆုချီးမြှင့်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ကမ္ဘာမြေချစ်သူဆု ချီးမြှင့်နိုင်ခဲ့ခြင်း မရှိပါဘူး။ ၂၀၁၆ ခုနှစ်မှာတော့ စတုတ္ထအကြိမ် ကမ္ဘာမြေချစ်သူဆုကို ဆက်လက်ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တွေမှာတော့ ကမ္ဘာမြေ ချစ်သူဆုကို ချီးမြှင့်နိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၉ ခုနှစ်မှာ ပဉ္စမအကြိမ် ကမ္ဘာမြေချစ်သူဆုကို ဆက်လက်ချီးမြှင့်နိုင်ခဲ့ ပါတယ်။ အဲဒီနောက်ပိုင်းကနေစပြီး ဒီနေ့အချိန်ထိ ကမ္ဘာမြေချစ်သူဆုကို ဆက်လက်ချီးမြှင့်နိုင်ခြင်း မရှိခဲ့ပါဘူး။ ကမ္ဘာမြေချစ်သူဆုကို ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၉ ခုနှစ်တွေမှာ ချီးမြှင့်ခဲ့ရာမှာ ကမ္ဘာမြေချစ်သူဂုဏ်ပြုဆု (၄၁) ဦးနဲ့ ကမ္ဘာမြေချစ်သူဂုဏ်ပြုဆု(အထူးဆု) (၁၀) ဦး၊ စုစုပေါင်း (၅၁) ဦးကို ဆုများ ပေးအပ်နိုင်ခဲ့ပါတယ်။
သစ်တောပညာရှင် ကမ္ဘာမြေချစ်သူ ဦးအုန်းဟာ ၂၀၁၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမယ့် ကျန်ရစ်သူ တပည့် သားသမီးများ၊ သူ့ကို ချစ်ခင်လေးစား တန်ဖိုးထားသူများက ကမ္ဘာမြေချစ်သူဆုကို မပျောက်ပျက်အောင်၊ ကမ္ဘာမြေချစ်သူဦးအုန်းရဲ့ လက်ဆင့်ကမ်းအမွေ ကမ္ဘာမြေချစ်သူဆုကို ဆက်လက်ထိန်းသိမ်း ချီးမြှင့်သွားဖို့ ဆောင်ရွက်ခဲ့ပါတယ်။ သစ်တောပညာရှင် ဦးအုန်း ကွယ်လွန်ပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်မှာ ပဉ္စမအကြိမ် ကမ္ဘာမြေ ချစ်သူဆုကို ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ယနေ့အချိန်ထိ ကမ္ဘာမြေချစ်သူဆုကို ဆက်လက် ချီးမြှင့်နိုင်ခြင်း မရှိသေးပါဘူး။ ယခု ၂၀၂၃ ခုနှစ်မှာတော့ ဆဌမအကြိမ်မြောက် ကမ္ဘာမြေချစ်သူဆုကို ပေးအပ်ချီးမြှင့်နိုင်ဖို့ ကမ္ဘာမြေချစ်သူဆု ရွေးချယ်ရေးအဖွဲ့နဲ့ ဦးအုန်းရဲ့ မိသားစုတွေက ဆွေးနွေးတိုင်ပင်ခဲ့ကြပါ တယ်။
အစည်းအဝေးများကျင်းပပြီး ကမ္ဘာမြေချစ်သူဆုကို ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပေးအပ်ချီးမြှင့်ဖို့ ဆုံးဖြတ်ကာ လျှောက်လွှာများကိုလည်း ခေါ်ယူခဲ့ပါတယ်။ သို့သော်လည်း နောက်ထပ်အစည်းဝေးပွဲများ ဆက်လက်ပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေနဲ့စီးပွားရေး၊လူမှုရေး မတည်ငြိမ်မှုများကြောင့် ကမ္ဘာမြေချစ်သူ ဆုပေးပွဲကို မကျင်းပသေးဘဲ ကမ္ဘာမြေချစ်သူဆုအတွက် စောင့်ကြည့်လေ့လာရေးများကိုသာ လုပ်ဆောင်ဖို့ ကမ္ဘာမြေချစ်သူဆု ရွေးချယ်ရေးအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ လက်တလော အစည်းအဝေးဆုံးဖြတ်ချက်အရ ဆဌမအကြိမ် ကမ္ဘာမြေချစ်သူဆုပေးပွဲကို ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျင်းပဖို့ ယာယီလျာထားခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ချစ်ခင်လေးစားရတဲ့ ကမ္ဘာမြေချစ်သူဆုရှင် သစ်တောပညာရှင် ဦးအုန်းရဲ့ လက်ဆင့်ကမ်းအမွေဖြစ်တဲ့ ကမ္ဘာမြေချစ်သူဆုကိုတော့ ဆက်လက်ပေးအပ် ချီးမြှင့်နိုင်ဖို့ ဆုရွေးချယ်ရေးအဖွဲ့က ဆက်လက်ဆောင်ရွက်နေပါတယ်။
ဦးအုန်းရဲ့ကမ္ဘာမြေချစ်သူဆုကို ရရှိခဲ့တဲ့ ကမ္ဘမြေချစ်သူများ စာရင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
ဆရာကြီးဦးအုန်း၏ ပထမအကြိမ် ကမ္ဘာမြေချစ်သူဆုရရှိသူများစာရင်း
၂၀၁၂ခုနှစ်၊ ဩဂုတ်လ(၇) ရက် ၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၊ သီရိခန်းမ
စဉ် အမည် နေရပ်လိပ်စာ ဖုန်းနံပါတ်
၁ အာရှအလင်းရောင်ဆရာတော် အနီးစခန်း၊ ပြင်ဦးလွင်
၂ ဦးဥတ္တမ အာဒိစ္စဝံသကျောင်းတိုက်၊ဘိုးဘကုန်း ကျေးရွာ၊ ဖျာပုံမြို့ ၀၉-၄၉၅၉၅၂၇၂
၃ ဦးကောသလ သုခရုံကျောင်းတိုက်၊ အိုင်ဝိုင်းကျေးရွာ၊ မအူပင်မြို့နယ် ၀၉-၄၉၇၅၁၆၈၃
၄ Rev.Eloi Thaungkhan khaing အမှတ် ၁၅၁၊ ၄ ရပ်ကွက် တောင်ဖီလာ ကလေးမြို့ ၀၇၃-၂၁၄၇၄
၅ ဒေါ်ဒေဝီသန့်စင် အယ်ဒီတာချုပ်၊ အောင်ပင်လယ်မဂ္ဂဇင်း ၀၉၂၄၅၀၂၁၁
၆ မရဲရင့်
၇ City Mart
၈ စိမ်းရောင်စို မန္တလေး
၉ ဦးကြာဖြူ ဒေါငြိမ်းကျေးရွာ၊ ဖျာပုံမြို့
၁၀ ဦးချစ်ခင် လေးပင်ချောင်ကျေးရွာ၊ အမာမြို့နယ်ခွဲ၊ ဖျာပုံမြို့
၁၁ ဦးသင်း တယ်ပင်ဆိပ်ကျေးရွာ၊ အမာမြို့နယ်ခွဲ ဖျာပုံမြို့ ၀၉-၈၅၉၀၇၁၅
၁၂ ဦးခင်မောင်သက် ကျွဲတဲကျေးရွာ၊ အမာမြို့နယ်ခွဲ၊ ဖျာပုံ ၀၉-၈၅၈၅၉၉၆
၁၃ ဦးကြည်ဝင်း မြသားလွင်ပြင်၊ မြောက်ဥက္ကလာပမြို့
၁၄ ဦးချစ်လှိုင် သိန်းတရာ၊ ချောင်ဦးမြို့
၁၅ ဦးသောင်းရွှေ လားရှိုး၊ တောင်ကြီးမြို့
၁၆ ဦးကံညွှန့် ၃၃(က) ခြောက်လွှာ၊ စမ်းချောင်လမ်း၊ စမ်းချောင်းမြို့
၁၇ ဦးခင်စိုး (ရွှေမန်း) အောင်လံမြို့
ဆရာကြီးဦးအုန်း၏ ဒုတိယအကြိမ် ကမ္ဘာမြေချစ်သူဆုရရှိသူများစာရင်း
၂၀၁၂ခုနှစ်၊ ဩဂုတ်လ(၃၁) ရက် ၊ Orchid Hotel ရန်ကုန်မြို့
အထူးဆု – ၃ ဆု
၁။ ဦးစိတ္တရ – မကွေးတိုင်း၊ ရေနံချောင်း၊ ညောင်ပင်သာကျေးရွာ
၂။ ဒေါက်တာမောင်မောင်ကြည် – ကျိန်တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်၊ ရခိုင်ပြည်နယ်
၃။ ဦးဆွမ်ပေါင် – ချင်းပြည်နယ်၊ တီးတိန်မြို့နယ်
ရိုးရိုးဆု – ၅ ဆု
၁။ သစ်ပင်ချစ်သူများ (မအူပင်) – မအူပင်မြို့
၂။ Green Generation – ပြည်မြို့
၃။ ဦးတင်ဝင်း – ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဖိုးဦးစံကျေးရွာ
၄။ ဦးခင်စိုး – အောင်လံမြို့နယ်၊ မကွေးတိုင်းဒေသကြီး
၅။ ဦးငွေစိုး – ကလောမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း
ဆရာကြီးဦးအုန်း၏ တတိယအကြိမ် ကမ္ဘာမြေချစ်သူဆုရရှိသူများစာရင်း
၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ(၉) ရက် ၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၊ သီရိခန်းမ
၁။ ဘုန်းဘုန်းယုဇန – ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရွှေနဒီပရဟိတ ဘုန်းတော်ကြီးကျောင်း
၂။ ဒေါက်တာအရှင်ပညောဘာသ – ပန်းပျိုးလက်၊ ဓမ္မာစရိယ(M.A.Phd)
ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်း၊ ကျောက်တန်းရွာ၊ ပဲခူးမြို့
၃။ ဝနရောပကအသင်း (Green Echo) ပခုက္ကူမြို့။
၄။ အနီးစခန်း သဘာဝပတ်ဝန်းကျင် ချစ်သူများအသင်း – ရန်ကုန်မြို့
ဆရာကြီးဦးအုန်း၏ စတုတ္ထအကြိမ် ကမ္ဘာမြေချစ်သူဆုရရှိသူများစာရင်း
၂၀၁၆ခုနှစ်၊ ဩဂုတ်လ(၂၁) ရက် ၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၊ သီရိခန်းမ
၁။ ဦးအောင်ဆန်း – ကမ္မ၊ ပခုက္ကူမြို့
၂။ ဒေါ်ယဉ်ယဉ်ထွန်း(မင်းဧကရီ) – မင်းကွန်း၊ စစ်ကိုင်း
၃။ ဦးစန်းရွှေ – အောက်ညဉ့်ကျေးရွာ၊ ညောင်ဦးမြို့နယ်
၄။ ဦးလှထွန်း – ကမ္မ၊ ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရေနံမြေ
၅။ မြန်မာမုဒိတာ ဖောင်ဒေးရှင်း – မှော်ဘီမြို့
၆။ Corporate Social Responsibility and Environment Development Team (Golden Hill Tower Executive Apartments) – ရန်ကုန်မြို့
ဆရာကြီးဦးအုန်း၏ ပဉ္စမအကြိမ် ကမ္ဘာမြေချစ်သူဆုရရှိသူများစာရင်း
၂၀၁၉ခုနှစ်၊ ဩဂုတ်လ(၇) ရက် ၊ International Business Center (IBC)
၁။ ဦးကျော်မောင် – စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ငှက်ပျော်ကျေးရွာ
၂။ ဦးစိန်တိုး – ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သပြုကျေးရွာ
၃။ ဦးရဲသိန်း – ဧရာဝတီတိုင်း၊ ပုသိမ်မြို့
၄။ ဦးဝင်းစိုး – ခင်ဦးမြို့ ၊ သာဝတ္ထိရွာ
၅။ ဦးလှသိန်း – ကဝမြို့နယ်၊ မိုးခမိန်းကျေးရွာ
၆။ ဦးဝင်းရွှေ – ပဲခူးတိုင်း၊ ပြည်မြို့
၇။ ဦးသိန်းမော် – ရန်ကုန်
၈။ မြတ်နိဗ္ဗာန် – မြောက်ဥက္ကလာ
၉။ စိမ်းညို့မြိုင် – နတ္တလင်း၊ ပဲခူးတိုင်း
၁၀။ ဖက်ဆွတ်ဝါးချစ်သူများ – ကသာမြို့
၁၁။ Myanmar Organic Grower – ရန်ကုန်
၁၂။ ဒေါ်ခင်သန်းဖြူ – ရန်ကုန်
၁၃။ Friday for future – ရန်ကုန်
၁၄။ စိမ်းလဲတောင်ကြား – ပြင်ဦးလွင်
၁၅။ လျးဖာလိန် – ရေးမြို့၊ မွန်ပြည်နယ်၊ အံဒင်းကျေးရွာ
၁၆။ ဒေါက်တာသန်းထိုက်စိုး – အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
ကမ္ဘာမြေချစ်သူဆု ရွေးချယ်ရေးအဖွဲ့